• Opportunity Cost and Health

    Opportunity cost ဆိုတာ ဘောဂဗေဒ အသုံးအနှုန်း တစ်ခုဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တစ်စုံတစ်ခုကို လိုချင်လို့ အဲဒီပစ္စည်း ဒါမှ မဟုတ် ရွေးချယ်မှုတစ်ခုကို လုပ်လိုက်လို့ရှိရင် အခြားတစ်ဖက်မှာ ဆုံးရှုံးသွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ တစ်ခုကိုလိုချင်ရင် ကျန်တစ်ခုကို စွန့်လွှတ်ရမယ့် သဘောပါ။ ဘောဂဗေဒဘာသာရပ်ရဲ့ ယူဆချက်ကတော့ ကမ္ဘာလောကကြီးမှာ resource တွေက အကန့်အသတ်နဲ့ ရှိနေတဲ့အတွက် တစ်နေရာမှာ resource တွေကို သုံးလိုက်ရင် ကျန်တစ်နေရာအတွက် မသုံးနိုင်တော့ ဟူ၍ ဖြစ်သည်။ တကယ်လည်း နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး budget ဟာ နှစ်တစ်နှစ်အတွက် ကန့်သတ်ထားပြီးသားပါ။ ရုတ်တရက် သဘာဝဘေးအန္တာရာယ် တစ်ခုခု ကျရောက်ခြင်းမှ အပ ထို budget သည် တိုးလာစရာ အကြောင်းမရှိပေ။ ဥပမာ။ ။ နှစ်တစ်နှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနကို နိုင်ငံတော်အစိုးရက ကျပ် သန်း ၁၀၀၀ ချပေးသည့်ဆိုပါက ( လူဦးရေ သန်း ၅၀ ရှိလျှင် တစ်ဦးအတွက် ၂၀ ကျပ်နှုန်း) ဆေးရုံဆေးခန်းများ ဆောက်လုပ်ရန်အတွက် သန်း ၅၀၀ သုံးလိုက်လျှင် ကျန် ကဏ္ဍများအတွက် သန်း ၅၀၀ သာကျန်တော့မည်။ ထိုကျန်သော သန်း ၅၀၀ ထဲမှ သန်း ၄၀၀ကို TB, AIDS နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတို့အတွက် သုံးလိုက်ပါက မျိုးဆက်ပွားကျန်းမာရေးအတွက် သန်း ၁၀၀ ကျပ်သာ ကျန်တော့မည်။ ထိုကျန်သော သန်း ၁၀၀ကို မျိုးဆက်ပွားကျန်းမာရေးအတွက် အသုံးပြုလိုက်ပါက သွေးတိုး ဆီးချို project များအတွက် နှင့် ကလေးရောဂါများအတွက် budget ကျန်တော့မည် မဟုတ်ချေ။ ထိုအခါ ရွေးချယ်မှုသည် အရေးကြီးလာသည်။ ထိုရွေးချယ်မှုအတွက် ဦးစားပေးစဉ်းစားရသည့်အချက် များစွာရှိပါသည်။

    • ရောဂါဖြစ်နှုန်း နှင့် သေနှုန်း

    • ပျောက်ကင်းအောင် ကုသရန်လွယ်ကူမှု နှင့် ကာကွယ်ဆေး ရှိ/မရှိ
    • စီးပွားရေးအပေါ် ရိုက်ခတ်မှု

    အစရှိသည့် အချက်များသည် ရွေးချယ်ရာတွင် ရှေးတန်းတင် စဉ်းစားရသည့် အချက်များဖြစ်ပါသည်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုဟာ စရိတ်နည်းနည်းဖြင့် များများထိရောက်မှုရှိပြီး တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း အကျိုးပြုမည့် project များကို ဦးစားပေးရမည်ဖြစ်သည်။ ဒါကတော့ opportunity cost ကို health economics ရှုထောင့်ကဖွင့်ဆိုချက်ကို ဖော်ပြထားတာပါ။

    စီးပွားရေးရှုထောင့်မှနေ၍ တစ်ဦးချင်း တစ်ယောက်ချင်းအတွက်လည်း opportunity cost သည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်မည်ဆိုတိုင်း ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုဖြစ်ပါသည်။ ရွေးချယ်မှုတိုင်းတွင် opportunity cost ရှိပါသည်။ သင်ရွေးချယ်လိုက်သော ရွေးချယ်မှုအားလုံးသည် သင်၏ ကျန်းမာရေးကို လာရောက်ရိုက်ခတ်မည် ဖြစ်သည်။ ဥပမာ။ ။ စာဖတ်သူသည် တစ်လ၀င်ငွေ 500 US$ ရှိသည်ဆိုပါစို့။ ထို ဒေါ်လာ ၅၀၀ မှ ၃၀၀ ကို မိသားစုစရိတ်အတွက်သုံးလိုက်ပြီး ကျန် ၂၀၀ ကို GSM handset တစ်ခုဝယ်လိုက်သည် ဆိုပါစို့။ ထိုတစ်လအတွက် စာဖတ်သူတွင် ၀င်ငွေမရှိတော့ပေ။ အကယ်၍ ထိုအချိန်တွင် စာဖတ်သူထံ၌ ခွဲစိတ်ကုသမှ ရမည့် ရောဂါတစ်ခုဖြစ်လာလျှင် ဘာလုပ်မည်နည်း။ ထိုခွဲစိတ်ကုသမှုသည် ဒေါ်လာ ၁၀၀၀ ကုန်ကျမည်ဖြစ်ပြီး စာဖတ်သူထံတွင် ဒေါ်လာ ၈၀၀ သာ ကျန်သည်ဆိုလျင် GSM handset အတွက်သုံးလိုက်ရသော ဒေါ်လာ ၂၀၀ သည် ကျန်းမာရေးကို ထိခိုက်လာပြီ မဟုတ်ပါလော။ သာမန်စဉ်းစားကြည့်လျင် ဖုန်းဝယ်လိုက်သောကြောင့် ကျန်းမာရေးကို တိုက်ရိုက်မထိခိုက်နိုင်သော်လည်း ထိုရွေးချယ်မှု၏ opportunity cost အဖြစ် ခွဲစိတ်ကုသရန် ငွေကြေးမလုံလောက်မှုကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ မိမိ၏ ရွေးချယ်မှုတစ်ခုကြောင့် opportunity cost မည်မျှ သက်ရောက်မည်ကို တစ်ခါတစ်ရံတွင် ကြိုတင်မသိနိုင်ပေ။ ထို့ကြောင့် ထို opportunity cost ကို cover လုပ်နိုင်ရန် ကျန်းမာရေးအာမခံစနစ်ကို အသုံးပြုကြခြင်းဖြစ်သည်။

    opportunity cost ကို စီးပွားရေးရှုထောင့်မှနေ၍ သုံးသပ်ပြီးနောက် ကျန်းမာရေး ရှုထောင့်မှနေ၍ ထပ်ပြီး ဆွေးနွေးပြပါမည်။ လူတစ်ယောက်တွင် အချိန်သည် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်သော resource တစ်ခုဖြစ်ပါသည်။ ဘယ်သူမှ တစ်နေ့တွင် ၂၄ နာရီထက် ပိုပြီး သုံးခွင့်မရှိချေ။ ထို့ကြောင့် ကျွန်တော်တို့သည် activity တစ်ခုအတွက် အချိန်ပေးလိုက်ပါက ကျန် activity တစ်ခုကို စွန့်လွှတ်ရမည်ဖြစ်သည်။ နေ့တစ်နေ့တွင် အားလပ်သောအချိန် ၃ နာရီရှိသည့်အနက် လေ့ကျင့်ခန်း လုပ်ရန် အချိန် ၁ နာရီ ပေးလိုက်ပါက လူမှုရေးကိစ္စများအတွက် ၂ နာရီသာကျန်တော့မည်။ သို့မဟုတ် အဆိုပါ သုံးနာရီစလုံးကို အိပ်နေမည် ဆိုပါက လေ့ကျင့်ခန်းနှင့် လူမှုရေးကိစ္စများအတွက် အချိန်ရှိတော့မည် မဟုတ်ချေ။ ၎င်းအပြင် ရွေးချယ်မှုတိုင်း၏ နောက်ကွယ်တွင် ပေးဆပ်ရသော နောက်ဆက်တွဲများလည်း ရှိသေးသည်။ ဥပမာ။ ။ အသားကင်ကြိုက်သူသည် အသားကင်များကို ခဏခဏ စားမိမည်ဖြစ်သည်။ သူသည် အသားကင်စားသောအခါ ဗိုက်ပြည့်ခြင်း နှင့် အရသာရှိခြင်းဟူသော စည်းစိမ်တို့ကို ခံစားရရှိမည်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင် အသားကင်စားသောကြောင့် opportunity cost အဖြစ် အစာအိမ်ကင်ဆာ ဖြစ်ခြင်းကို ကြုံတွေ့ရနိုင်သည်။ ထိုအခါ ကင်ဆာမဖြစ်ချင်လို့ အသားကင်မစားတော့လည်း opportunity cost အဖြစ် မိမိကြိုက်သော အစာကို မစားရခြင်းကို ရရှိမည်ဖြစ်သည်။

    အချုပ်ဆိုရသော် လူတိုင်းလူတိုင်းသည် နေ့စဉ် ကျန်းမာရေးကို သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုများကို ပြုလုပ်နေကြသည်။ မကောင်းမှန်းသိသော်လည်း တစ်ခါတည်းပါဆိုပြီး မိမိကိုယ်ကို လိမ်ညာကာ သိသိချည်းနှင့် ပြုလုပ်နေကြသည်လည်း ရှိသည်။ မိမိ ရွေးချယ်မှု၏ opportunity cost ကို သေချာတွက်ချက်နိုင်ခြင်းမရှိပါက သိရှိသူများကို မေးမြန်းသင့်ပါသည်။ မိမိက ကြိုက်နှစ်သက်သောကြောင့် ရွေးချယ်လိုက်သော လမ်းမှာ အခြားသူများကိုပါ ဘေးဖြစ်စေမည်ဆိုပါက အဆိုပါရွေးချယ်မှုမျိုးကို ရှောင်ကြဉ်သင့်ပါသည်။ ။

    • Share/Bookmark
     
  • Changing layout in Facebook Homepage

    ဒီနေ့ fb ကိုဖွင့်ကြည့်လိုက်မှ facebook ရဲ့ homepage က အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ အရင်ကထက်စာရင် blog layout ပုံစံမျိုး ပိုဆန်သွားပေမယ့် ကျွန်တော်ကတော့ မျက်စိပိုရှင်းသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်က ညနေရောက်မှ ဖွင့်ရတာဆိုတော့ ရေးတာတောင် နောက်ကျနေပြီထင်ပါတယ်။ နောက်ထပ်လည်း ပိုမိုကောင်းမွန်တဲ့ အပြောင်းအလဲများကို ပြုလုပ်နိုင်ပါစေလို့…

    • Share/Bookmark
     
  • Haiti Border Area Photo

    ဒီပုံကတော့ ငလျင်လှုပ်သွားတဲ့ Haiti နိုင်ငံနဲ့ dominican သမ္မတနိုင်ငံတို့ရဲ့ နယ်နိမိတ်ဒေသ ဖြစ်ပါတယ်။ ပြည်တွင်းမငြိမ်မသက်ဖြစ်နေတဲ့ Haiti နိုင်ငံရဲ့ မဆင်မခြင် သစ်တောတွေ ခုတ်လှဲမှုကို ဂြိုလ်တု ဓာတ်ပုံမှနေ၍ ပေါ်လွင်အောင် သရုပ်ဖော်ထားတာပါ။ သဘာဝကြီးက ညီတူညီမျှ သစ်တောတွေ ကိုယ်စီပေးထားပေမယ့် မထိန်းသိမ်းတတ်တဲ့ Haiti ဘက်အခြမ်းမှာ သစ်တောဆိုတာ မရှိတော့ပါဘူး။

    • Share/Bookmark
     
  • ဧရာဝတီသာ မရှိတော့ပါက…

    ဒီရက်ပိုင်းတွေမှာ စာမေးပွဲကိစ္စတွေ ကျောင်းတက်ဖို့ကိစ္စတွေ နဲ့ပဲ အလုပ်ရှုပ်နေပြီး စာရေးတဲ့ဘက်ကို မလှည့်အားဘူး ဖြစ်နေတယ်။ ရေးစရာ topic တွေကို စုထားတာတောင် တော်တော်များနေပြီ။ ဒီလကုန်မှပဲ အတိုးချပြီး ရေးတော့မယ်။ ဆမသင်တန်းကလည်း လူအရမ်းများတဲ့အတွက် နံနက်ပိုင်းဆိုရင် မထောင်းသာပေမယ့် နေ့လည်ပိုင်းဆိုရင် ပူပြင်းတဲ့ ဆောင်းတစ်နေ့တာရဲ့ ဒဏ်ကို အတော့်ကို ခံရပါတယ်။ သူများတွေက Global warming ဆိုတာကြီးကို လက်မခံသေးဘဲ လုပ်ချင်တိုင်းလုပ်နေကျတုန်း။ ဆောင်းရာသီက တစ်လပြည့်အောင်တောင် မအေးလိုက်ချေ။ ဆောင်းတွင်းရောက်လို့ ဆမသင်တန်းလေးတက်ရင် အနွေးထည့်အသစ်ကလေး ၀တ်ပြီး ရှိုးထုတ်မလို့ စိတ်ကူးထားတာတွေတောင် ဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။

    ပူခြင်းရဲ့ရလဒ်ကတော့ အဝေးကြီးသွားကြည့်နေစရာမလိုပါဘူး။ ရေခဲတောင်ပျော်တာတွေလောက်သာ လူတွေက အလေးပေးပြီးပြောနေကြတာ။ အဲဒီရေခဲတောင်က မြောက်နဲ့ တောင်ဝင်ရိုးစွန်းမှာတင် ရှိတာမဟုတ်ဘူး။ ကချင်ပြည်နယ်မှာလည်း ရှိတယ်လေ။ မြန်မာပြည်ရဲ့ အသက်သွေးကြောလို့ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီးဟာ ရေခဲတောင်ဒေသကနေ စီးဆင်းလာတာပါ။ တကယ်လို့ ရေခဲတောင်တွေ အကုန်လုံးအရေပျော်သွားရင် ဧရာဝတီဆိုတာ ပျောက်သွားနိုင်တယ်။ နောက်တစ်ချက်က အခုတောင် မြစ်ကြမ်းပြင်က တိမ်လာလို့ သောင်တွေ ထွန်းနေတာက မနည်းပဲ၊ မြစ်ကျဉ်းနေရာတွေကလည်း ပိုကျဉ်းလာတယ်တဲ့။ ဒါကြောင့် ကချင်ပြည်နယ်က တစ်နှစ်မှာ ရေခဲတဲ့နေ့ရက်တွေကို သေချာသုတေသနပြုသင့်နေပြီလို့ ကျွန်တော်တော့ ထင်တာပဲ။ ဧရာဝတီဆိုတာ မကောနိုင်ဘူးလို့တော့ ယူဆမနေလောက်ဘူးလို့ ထင်ပါတယ်။ ရေခဲတောင်မှာ ရေခဲတွေ မရှိတော့လို့ ရေတွေ မပျော်တော့လို့ ဧ၇ာဝတီမြစ်ကြီး ပျောက်သွားရင် ဘယ်လိုလုပ်ကြမှာလဲ။ လယ်ယာပဲလုပ်တတ်ကြတဲ့ ၇၅ ရာခိုင်နှုန်းလောက်ရှိတဲ့ တောသူတောင်သားတွေအတွက် ရင်လေးစရာပါ။ လူတွေလုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ လက်ခံ၇င် ဒီတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ ဘာလဲဆိုတော့ မြန်မာပြည်ကြီး သဲကန္တာရ ဖြစ်သွားနိုင်လို့။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သဘာဝသယံဇာတတွေကိုသာ ပယ်ပယ်နယ်နယ် ဆက်လက်ထုတ်ယူပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားနေရင်တော့ ဒါဟာ လူသားအားလုံးအပေါ် သစ္စာဖောက်တာပါပဲ။

    • Share/Bookmark
     
  • Healthy Life is Born on 1.2.2010

    မြန်မာ blog လောကမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ blog တွေရှားပါးလှပါတယ်။ ဆရာဝန် blogger တွေ ရှိကြပေမယ့် ဆေးပညာနဲ့ ရောဂါတွေအကြောင်းကိုပဲ စောက်ချရေးတဲ့သူလည်း ရှားပါတယ်။ ကျန်းမာရေးဆိုရင် http://health.ngoinmyanmar.org ကို ပြေးမြင်တတ်ကြတယ်။ နောက်ထပ် blog တွေ ထပ်စဉ်းစားရင် ထွက်မလာတော့ဘူး။ အဲဒီ လိုအပ်နေတဲ့ ကွက်လပ်ကလေးကို ဖြည့်ဖို့အတွက် http://healthylife.mylovecafe.com ဆိုတဲ့ ကျန်းမာရေး Blog တစ်ခုကို ထပ်မံ မွေးဖွားပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ပိုင် domain ၀ယ်ပြီး website အဆင့်အထိ ရောက်အောင် ပြုလုပ်ဖို့ စိတ်ကူးထားပါတယ်။  ဒီ blog ဟာ healthy life ဆိုတဲ့ blog ခေါင်းစဉ်လိုပဲ ဘ၀မှာ ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို အဓိက ထားပြီး တင်ဆက်ပေးသွားပါမယ်။ ရောဂါနဲ့ ပတ်သက်ရင်လည်း ပြောင်းလဲလာတဲ့ ခောတ်ကြီးမှာ လိုက်ပြီး အဖြစ်များလာတဲ့ ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ တွေကို ရေးသားပေးသွားပါမယ်။ အခုလောလောဆယ်တော့ ဆရာဝန် စာရေးဆရာက ကျွန်တော် တစ်ယောက်တည်းပဲရှိသေးတဲ့အတွက် တစ်ပတ်ကို post တစ်ပုဒ်လောက်ပဲ တင်နိုင်ပါအုံးမယ်။ အခြားသော blogger များလည်း ၀င်ရောက်ရေးသားလိုပါက ဖိတ်ခေါ်ပါတယ်။ ဆရာဝန်မှ ကျန်းမာရေး ဆောင်းပါးရေးလို့ရတာ မဟုတ်ပါဘူး။ မိမိသိတဲ့ ကျန်းမာရေးအသိတွေ ကျန်းမာအောင် နေနည်းတွေကိုလည်း ပြန်လည်မျှဝေလို့ရပါတယ်။

    • Share/Bookmark